Tuesday, January 13, 2015

မနက်ဖြန် သင်ဘာဖြစ်မှာလဲ ? ဆိုတာ

မနက်ဖြန်တွေကတော့ သင့်ကို စောင့်နေလိမ့်မယ်
ဒါပေမယ့် သင်ကတော့ မနက်ဖြန်နှင့်အတူ နေနိုင်ချင်မှ နေနိုင်လိမ့်မယ် (လက်ရှိဘဝ)
နောင်ဘဝဆိုတာ သင့်အတွက် ရှိနိုင်သေးတယ်လို့ လက်ခံထားရင်ဖြင့်
မနက်ဖြန်အတွက် သင် အချိန်ခဏတော့ ပေးပြီး စဉ်းစားထားသင့်တယ်လေ။
သင်မဆုံချင်တဲ့ အကြောက်တရားများကို ဘယ်လိုရှောင်မလဲ ?
သင် လိုအပ်ထားသော အခွင့်အရေးများကို ဘယ်လိုယူမလဲ?
တစ်ဘဝစာ ကံတရားကို လက်ခံထားသူအဖို့တော့ ပစ္စုပ်ပန်အတ္တများကိုသာ လက်ကိုင်ပြုချင်နေလိမ့်မည်။
ဘယ်လိုပဲ ခံစားနေပါစေ မနက်ဖြန်များကတော့ ရှိနေမှာတော့ သေချာသည် မလွဲ။
မနက်ဖြန် သင်ဘာဖြစ်မှာလဲ ? ဆိုတာ သင့်စိတ်သံစဉ်များက အဓိကအကျဆုံး ဆုံးဖြတ်ပေးပါလိမ့်မည်။

Sunday, January 4, 2015

ကိုယ်ခင်းထားတဲ့ လမ်း

အစွဲလမ်းဆိုတာကို ဘယ်တော့မှ မီးမရှို့ချင်သူအတွက်
အိပ်မက်ဆိုတာလည်း သံသရာထဲက ဇာတ်လမ်းရှည်တစ်ပုဒ်ပဲလေ
သေချာတယ် ဒီဇာတ်သိမ်းမလှဘူး။
ဒါကို ကံကြမ္မာလို့ခေါ်မလား ရပါတယ် ခေါ်သင့်တယ် 
ဒါပေမယ့် ကိုယ်ခင်းတဲ့လမ်းနော် ကြမ်းသည်ဖြစ်စေ ချောသည်ဖြစ်စေ ကိုယ့်လမ်းပဲ။
ဘဝဆိုတာ ရဖို့ခက်သလောက် ဆုံးရှုံးဖို့လွယ်တဲ့ အသက်ရှူမှုတစ်ခုပဲလေ
ဝင် ထွက် သွား လာ နေတဲ့ စိတ်အစဉ်က ကိုယ်သွားမယ့် လမ်း ဆိုတာကို မသိတရွေ့တော့
ငါကောင်းတယ်လို့ မဆိုနဲ့ဦး စောပါသေးတယ်။
မလုပ်ချင်တာတွေ မလုပ်သင့်တာတွေ ရှောင်ပြေးလို့မရဘူး ဆိုတဲ့ ကိုယ့်ဘဝဟာလည်း ကိုယ့်လက်ထဲက ပိုးဟပ်တစ်ကောင်ပါပဲ သူသေဆို ကိုယ်ကရှင်ပေးလိုက် သူရှင်တယ်ဆိုရင် ကိုယ်ကသေအောင်လုပ်လိုက် ကိုယ့်သဘောပဲ။ ထောင်မြင်လို့ ရာစွန့်ပါတယ် ထောင်မရပဲ စွန့်လိုက်တဲ့ရာပါ ဆုံးရှုံးမှာကြောက်နေရင် သေချာတယ် အနိုင်ကိုမရ အရှုံးမရှိ နဲ့ ခပ်ပေါ့ပေါ့ ဘဝပြိုင်ပွဲပဲ ဖြစ်သွားမှာ။
ကိုယ်ခင်းထားတဲ့ လမ်း ကိုယ်တိုင်လျှောက်တာ ကြောက်လည်းပဲ ရောက်အောင်တော့ ဆက်လျှောက်ရမှာပဲ။
မတွေဝေနဲ့ လမ်းမဖြစ်ခင်က စဉ်းစားထား.......

Saturday, January 3, 2015

အမေဟူသော သူ့ အနန္တတွေကြောင့်ပေါ့

 အမှောင်ပေ အရောင်တွေခမ်းနေတဲ့ ဘဝကြမ်းခင်း 
လောကတန်ဆာ ဗလချာအဆိုးတွေနဲ့ အလွှာမျိုးမျိုးက အလှမပါ
ဒီဘဝအတွက်တော့ နတ္ထိ နဲ့ သုည စလာကတည်းက အထနှေးတယ်
နတ် သကြား ဝတ်တွားလို့ အထံပါး သနားခံ
ကျွန်ုပ်ထံ ဆုတော်လာဘ်ပေးလတ်သော်မှ ဘဝမလုံဘူး ထင်ရဲ့ 
အညတြ  အနုညာတ ဒီဝဲက ဒိအလွဲတွေနဲ့ လူမွဲ စိတ်မွဲ ဘဝမွဲတွေ 
ငါ့ရှေ့က တွန်းလှန် ငါ့နောက်ကခုခံ ငါ့ဘေးကဖယ်ရှား 
အားနွဲ့တဲ့မိန်းမသား ဆိုသော်ငြားလည်း
သုဿာန်နဲ့ သူ့မျက်နှာ တစ်သားတည်းကျနေတာတောင် သတ္တိခဲနဲ့ လမ်းမလွှဲဘူး
ကျောက်သားမဟုတ်တဲ့ သူ့နှလုံးသားက အသည်းနုတယ် ဇွဲကောင်းတယ် စိတ်ရှည်တယ်
သူ့ကြောင့် လက်ရှိဘဝသည် နေတတ်တယ် သေတတ်တယ် 
အလုံးစုံမပြည့်စုံပေမယ့် အလုံးစုံမလိုလောက်အောင်တော့ ပြည့်စုံနေတယ် 
အမေဟူသော သူ့ အနန္တတွေကြောင့်ပေါ့။

Thursday, January 1, 2015

ဖြစ်ရပ်မှန်ပါ

အမေမွေးပေးလိုက်ကတည်းက ဘာမှပါမလာဘူးဆိုတာ မှန်ပေမယ့်
လက်ရှိ ပစ္စုပ်ပန် အချိန်တွေပေါ် ငိုချလိုက်တဲ့အချိန်က စလိုက်တာ
မရဏဒီဇာတ်သိမ်းနဲ့ ပွဲပြီးမှာအမှန်။
ဒီကာလတွေကြားထဲ ကွယ်ဝှက်နေတဲ့ အို နာ ခရီးကို အလိုလိုမလျှောက်ပဲရောက်ရောက်နေတာလည်းအမှန်။
နေ့တိုင်းလိုလို မပင်ပန်းပါဘူးဆိုတဲ့ အိပ် စား တွေး ကြံ ဒီဖြစ်ရပ်မှန်တွေကလည်း တကယ်တော့ ဒုက္ခ ဒုက္ခသစ္စာအမှန်။
သမုဒယထောင်အသီးသီးနဲ့ ငါနှင့်ငါပေါင်းကြံ အမှန်နဲ့အမှားဝါဒကွဲ ကြားမှာလဲ  ငိုးရ ရယ်ရ ရှင်းပြ ရှုပ်ပြ ဒုက္ခ သုက္ခတွေ မရိုးအီတာလည်းအမှန်။
လူတကာအုံခဲ ဘူတာရုံထဲ သူငါဆုံကွဲ ကွဲနေတာလည်းအမှန်။
ကံမကုန် ပြန်ဆုံကြပြန်တော့ အသစ်အလန်းတွေနဲ့ ချစ်ခန်းကြိုက်ခန်းတွေကတဖုံ၊ နှလုံးဘဝင် မပြုံးရွှင်တော့ မုန်းချင်တိုင်း မုန်းလိုက်တာကလည်း တဖန်၊ ဒီလို ချစ် မုန်း နှစ်တန်နဲ့ ဘဝကိုရှင်သန် မောပန်း လျှောက်လှမ်းနေရတာလည်းအမှန်။
လိုတာရတော့ပျော်တယ် အကြိုက်ထိတော့ ငြိတယ် အလိုမတူပဲပေါင်းသင်းနေရတဲ့ ဆုံးရှုံးမှုတွေက မခင်ပါပဲ လာသွယ်နေတာလည်းအမှန်။ 
ဂုဏ်ချင်းထပ် မြတ်သတဲ့ ဂုဏ်ထင်တော့ လူမြင်သတဲ့ အဲသလို ဘာမှမဟုတ်တဲ့ အကာသနသရုပ်တွေကြားမှာရိုးသားမှုတွေကိုတစ်ခါတရံ အပေါင်ပေးလိုက်ရတာလည်းအမှန်။ 
မေတ္တာသည်သာ အအေးဆုံး သို့သော် ကိုပေးသလောက်ပြန်ရတတ်တာလည်း အမှန်။ (သင့်အတွေးတွေလည်း မှန်ပါသေးသည်)